US မှာ အပျော်စီး သင်္ဘောစီးခြင်း အတွေ့အကြုံ

ဒီတစ်ခေါက်တော့ စည်ရဲ့ Vacation Trip ကို သင်္ဘော စီးပြီး Mexico သွားလည်ခဲ့တာလေး မျှဝေပေးချင်ပါတယ်။ US ရောက်လို့ GC ရပြီ ဆို လုပ်သင့်သွားသင့်တဲ့အရာတွေထဲမှာ အပျော်စီး သင်္ဘော လည်း စီးကြည့်သင့်တယ်။ Best experience တွေထဲက တစ်ခုပေါ့။ တချို့နိုင်ငံတွေမှာတောင် လွယ်လွယ်ကူကူ စီးချင်တိုင်း မရတဲ့ အခွင့်အရေးတစ်ခုလို့ မြင်လို့ စည်ကတော့ recommend ပေးချင်ပါတယ်။ သာမန် ခရီးထွက်ရင် စားရေးသောက်ရေး ကိုယ့်ဘာသာကို စီစဉ် စားသောက်ရပေမဲ့ သင်္ဘော နဲ့ ခရီးထွက်တာကြတော့ သွားနေတဲ့ လမ်းခရီးတောက်လျှောက်မှာ အဆင်သင့် စားသောက် အပန်းဖြေ ပြီးသွားရတာဆိုတော့ Mexico ကို ရောက်လို့ ရောက်မှန်းတောင် မသိလိုက်ပါဘူး။ တကယ် စိတ်အပန်းဖြေ ခရီးထွက်ချင်တာ ဆို အပျော်စီးသင်္ဘော စီးပြီး ခရီးထွက်ကြည့်ဖို့ အကြံပေးချင်တယ်။
US မှာ နာမည်ကြီး Cruise လိုင်းတွေကတော့
– Royal Caribbean International
– Carnival Cruise Line
– Disney Cruise Line
– Celebrity Cruise Line
– Princess Cruise တို့ပဲဖြစ်ပါတယ်။ နောက်ထပ် သင်္ဘောလိုင်းတွေလည်းရှိပါသေးတယ်။ အကုန် mention လုပ်ရင် စာအရှည်ကြီးဖြစ်မှာစိုးလို့ ၅ ခုလောက်ပဲရေးလိုက်တာပါရှင့်။ အပျော်စီး သင်္ဘော အများစု က US ရဲ့ Florida ပြည်နယ် က စထွက်တာများပါတယ်။ ကျန်တဲ့ State တွေထဲမှာ ဆိပ်ကမ်းရှိတဲ့ ပြည်နယ်တွေ ဖြစ်တဲ့ California, New York, Texas, Alaska, Louisiana, Maryland …. တို့က လည်း ထွက်ပါတယ်။ စည်ကတော့ Houston မှာနေတာဆိုတော့ ၁ နာရီကျော်လောက်ကားမောင်းရင် ရောက်တဲ့ Galveston ကမ်းခြေ ကနေပဲ စီးလိုက်ပါတယ်။ လေယာဉ်တဆင့် စီးစရာမလိုဘဲ ကားမောင်းပြီး ကားပါကင်မှာ ကား ထားခဲ့ သင်္ဘောပေါ်တက်စီး ရုံပဲမို့ အရမ်း အဆင်ပြေပါတယ်။ လေယာဉ်စီးပြီး ခရီးသွားသလို luggage weight limit မရှိတာကြောင့် ကိုယ်သယ်နိုင်သလောက်ယူသွားနိုင်ပါတယ်။ ဒါကြောင့် Houston မှာနေတဲ့သူတွေ ဆို တစ်ခါလောက်တော့ စီးကြည့်သင့်တဲ့ ခရီးစဉ်လေးပါပဲ။
စစချင်း သင်္ဘော စီးဖို့ စီစဉ်မယ်ဆို လိုအပ်တာက တော့ သက်တမ်းမကုန်သေးတဲ့ GC (သို့) US Citizen Passport ရယ် ပါပဲ။ Multiple Entries Visa ရှိတဲ့သူတွေလည်း စီးလို့ရပေမဲ့ US ပြန်ဝင်တဲ့ အခါ အကြောင်းအမျိုးမျိုးရှိနိုင်တာမို့ Risk မယူတာ အကောင်းဆုံးပါပဲ။ သင်္ဘောလက်မှတ် ဝယ်တဲ့အခါ အခန်းအမျိုးအစားအလိုက် စျေးအမျိုးမျိုးရှိပါတယ်။ အချိန်ကာလပေါ်မူတည်ပြီးလည်း စျေးအတက်အကျရှိတာကြောင့် အနည်းဆုံး ၃ လ / ၆ လ လောက်ကြိုပြီး လက်မှတ်ဝယ်ထားရင် စျေးသက်သက်သာသာ နဲ့ ရနိုင်ပါတယ်။ အခန်းအမျိုးအစားတွေကတော့
– ပြတင်းပေါက်မပါတဲ့ အခန်းဆို တစ်ယောက်ကို $500~$600
– ပြတင်းပေါက်အပြင်ကြည့်မှန်ပါတဲ့အခန်းဆို တစ်ယောက်ကို $600~$800
– ဝရံတာပါတဲ့ အခန်းဆို တစ်ယောက်ကို $900~$1100
– Luxury type ဝရံတာ အကျယ် အခန်းအကျယ်ကြီး ဆို တစ်ယောက်ကို $1300~$1600 လောက် အကြမ်းမျဉ်းစျေးရှိပါတယ်။
သွားလည်မဲ့နေရာတွေ နဲ့ ခရီးစဉ်ကြာမဲ့ရက်အပေါ်မူတည်ပြီး စျေးတွေကွာပါတယ်။ ဒီအခန်းစျေးနှုန်းတွေကတော့ စည်သွားခဲ့တဲ့ Royal Caribbean လိုင်းရဲ့ ၅ ညအိပ် ၆ ရက် Mexico သွားတဲ့ ခရီးစဉ် စျေးနှုန်းဖြစ်ပါတယ်။ တချို့ ခရီးစဉ်တွေက ၇ည တို့ ၁၆ ညတို့ အထိတောင်ရှိပါတယ်။ အများရုံးပိတ်ရက်များတဲ့ Holiday Season တွေ Christmas တို့ New Year တို့ဆို အခန်းစျေးတွေ က ၂ဆ ၃ဆ တက်လို့ အဲ့ အချိန်တွေ ရှောင်ပြီးသွားရင် သက်သာပါတယ်။ စည်ကတော့ လက်မှတ်ကို ၃ လလောက် စျေးအသက်သာဆုံးရက်ကို ရွေးပြီး ကြိုဝယ်ခဲ့ပါတယ်။ အခန်းကတော့ သင်္ဘောတစ်ခါမှ မစီးဖူးလို့ လှိုင်းမူးမှာစိုးလို့ ဝရံတာလေးပါတဲ့ အခန်းကို ယူခဲ့တယ်။ သင်္ဘောပေါ်မှာ breakfast, Lunch, Dinner သုံးနပ်ကို အလျှံအပယ် buffet ကျွေးပါတယ်။ ညဘက်တွေဆို buffet စားချင်လည်းရသလို fine dining စားချင်လည်းရပါတယ်။ Fine Dining စားမယ်ဆို ကိုယ့်ကို တကူးတက အစားအသောက် မှာပြီး ပြင်ဆင်ယူလာပေးတဲ့ server/ waiter ကို Tips ပေးရပါမယ်။ Fine dining ရဲ့အစားအသောက်ဖိုးကတော့ free ပါပဲ။ သင်္ဘောပေါ်မှာ အခန်းသန့်ရှင်းရေးလည်းနေ့တိုင်းရှိပါတယ်။ Tip ပေးဖို့ အကြွေလေးတွေဆောင်သွားရင် အဆင်ပြေတယ်။
စည် စီးခဲ့တဲ့ Mexico ခရီးစဉ် မှာ ၂ နေရာရပ်ခဲ့ပါတယ်။ ၁ရက်က Cozumel ကျွန်းမှာ ရပ်ခဲ့ပြီး နောက်တစ်ရက်က Costa Maya မှာ ရပ်ခဲ့ပါတယ်။ သင်္ဘော ကမ်းကပ်တဲ့အခါ အောက်ဆင်းပြီးကိုယ့်ဘာသာကိုယ်လည်ပတ်လို့ရပေမဲ့ Spanish ဘာသာ စကားမတတ်တာရယ် လူခံ မရှိရင်လမ်းပျောက်တာတို့ အလိမ်ခံရတာတို့ သင်္ဘော ပေါ်အချိန်မှီပြန်မတက်နိုင်ရင်ကျန်ခဲ့မှာတို့ ရှိတတ်တာကြောင့် သင်္ဘော လိုင်း က စီစဉ်ပေးတဲ့ tour guide နဲ့ ကိုယ်သွားချင်တဲ့နေရာ ကို package ဝယ်ပြီးသွားတာ အကောင်းဆုံးပါပဲ။ စည်ကတော့ ကမ်းကပ်တဲ့ ၂ နေရာလုံးမှာ tour guide group နဲ့ အောက်ဆင်းလည်ပတ်ခဲ့ပါတယ်။ Costa Maya မှာ ရှေးယခင် နှစ်ပေါင်း ၃၀၀၀ လောက်က နေထိုင်ခဲ့တဲ့ မာယာလူမျိုးတွေရဲ့ ကျန်ခဲ့တဲ့ အဆောက်အဦးတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ Cozumel မှာကတော့ မြို့ထဲကို အမိုးပွင့် bus ကား နဲ့ လျှောက်ကြည့်ပြီး Duty Free ဆိုင်တွေမှာ လက်ဆောင်ပစ္စည်းတွေ ဝယ်ဖြစ်ခဲ့တယ်။
US က အသွား ၂ ရက် ပင်လယ် ထဲမှာ ကြာခဲ့ပြီး ၂ ရက် ကမ်းကပ်ပြီး အပြန် ၂ ရက်မှာ Houston ပြန်ရောက်ခဲ့ပါတယ်။ ပင်လယ်ထဲမောင်းတဲ့ အချိန်တွေမှာလည်း သင်္ဘော ပေါ်မှာ မပျင်းရအောင် Party တွေ Join လို့ရသလို Theater မှာ Movie တွေ ဆပ်ကပ်တွေ ဝင်ကြည့်လို့ရပါတယ်။ Pool ထဲမှာ ရေ နဲ့ ပတ်သက်တဲ့ activities တွေလည်း လုပ်လို့ရသလို ဇိမ်ခံချင်သူတွေက Spa တို့ Saloon တို့ သွားကြပါတယ်။ Spa တို့ Saloon တို့ကတော့ fee ထပ်ပေးရပါတယ်။ Basketball, Table Tennis တွေလည်း ကစားလို့ရပါတယ်။ ညလုံးပေါက် Casino ကစားချင်သူတွေကတော့ Las Vegas ရောက်နေသလိုပါပဲ။ ကလေးတွေ အတွက်လည်း ကစားကွင်းတွေရော game room တွေ အရုပ်ကောက်စက် ပစ္စည်းကောက်စက် တွေလည်း ရှိပါတယ်။ ပင်လယ်ထဲ တကယ့် Disneyland ကို ရောက်နေသလိုပါပဲ။ ၆ ရက်ခရီးစဉ်က သင်္ဘောပေါ်မှာ ဘယ်လို အချိန်ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ စည်တော့ မေ့မရတဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့လို့ စာဖတ်သူတွေထဲ US ရောက်နေပြီး ခရီးထွက်ချင်ရင် cruise ခရီးစဉ်လေး စီစဉ်ပြီးသွားသင့်ကြောင်း အကြံပြုရေးသားလိုက်ပါတယ်ရှင့်။
P.S – Bonus အနေနဲ့ ခရီးစဉ်တစ်လျှောက် ရိုက်ခဲ့တဲ့ပုံလေးတွေ save ခွင့်ပြုပါရှင့်။ 🤍
🌸H-Town Diaries By Si 🌸