ဟူစတန်မြို့နဲ့ဝေးရာသို့ ခဏတာ အပန်းဖြေခရီးလေး

Houston မြို့က မြို့ကြီးသလောက် အပန်းဖြေ လည်ပတ်စရာ နေရာကြတော့ သိပ်မရှိပါဘူး။ တစ်ချို့ က Houston မှာ အလုပ်လုပ်ရင်း စိတ်ဖိစီးလာရင် တခြား ပြည်နယ်တွေကို ခရီးထွက်ကြပါတယ်။ တစ်ချို့ က ခရီးထွက်ချင်ပင်မဲ့ အလုပ်က ခွင့်သိပ်မရတာ နဲ့ budget အခြေအနေကြောင့်နဲ့ ဆိုရင် Houston မြို့ကြီးနဲ့ ခဏတာ ကင်းလွတ်ရာမှာ စိတ်အေးချမ်း လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်တဲ့ နေရာလေးတစ်ခု ကို စည်ပြောပြပါမယ်။

အခုပြောပြမဲ့နေရာလေး က Houston မြို့ကြီး နဲ့ မိုင် ၄၀ အကွာ Navasota မြို့ငယ်လေး အနားမှာရှိပါတယ်။ လိပ်စာကတော့ 17777 Deer Run, Navasota, TX 77868 ဖြစ်ပါတယ်။ Houston ကနေ ကားနဲ့ ၁ နာရီခွဲ လောက်မောင်းရင် ရောက်ပါတယ်။ Getaway လို့ခေါ်တဲ့ အဲ့ဒီနေရာလေးက ထင်းရှူးပင်တွေ အများကြီးနဲ့ တောအုပ်လေးလို နေရာလေးမှာ Tiny House လေးတွေ ဆောက်ထားပါတယ်။ Getaway Camping ပုံစံလိုမျိုး လုပ်ထားတဲ့ အပန်းဖြေနေရာလေးတွေ တခြား ပြည်နယ် တွေ မှာလည်းရှိပါတယ်။ စည်တို့လည်း Covid ကာလ တစ်ခြားပြည်နယ်သွားလည်ဖို့က အခက်အခဲရှိတာရယ် Covid တွေ ဖြစ်နေကြတဲ့ အချိန်ဆိုတော့ လူအုပ်ထဲလည်းတိုးဝှေ့ မသွားချင်တာရယ်ကြောင့် ဒီခရီးစဉ်လေးကို စီစဉ်လိုက်တာပါ။

သွားမယ်ဆို Website ကနေ booking ကြိုယူရပါတယ်။ သွားမဲ့ရက် နဲ့ ၂ ပတ်လောက် အလိုထဲ က booking ကြိုယူရင် စျေးသက်သာပါတယ်။ Sat & Sun ဆိုရင်တော့ ပုံမှန်စျေးထက် အနည်းငယ်ပိုစျေးကြီးပါတယ်။ ကြားရက်တွေဆိုရင် တစ်ရက်ကို Tiny House တစ်လုံး ကို $99 လောက်ကျပါတယ်။ Tiny House ပုံစံက ၂ယောက်အိပ်လို့ရတဲ့ House နဲ့ ၄ ယောက်အိပ်လို့ရတဲ့ House ဆိုပြီး ၂ မျိုးရှိပါတယ်။ Tiny House လေးတွေက တစ်လုံးနဲ့ တစ်လုံး အရမ်းကြီးကပ်မနေလို့ privacy လည်း ရှိပါတယ်။

ရောက်ပြီဆိုရင် Check-in လုပ်ရမဲ့ Reception မရှိပါဘူး။ Booking ယူပြီးတဲ့ အခါ ကိုယ့် email ထဲ ကို ကိုယ်ယူထားတဲ့ အိမ် နာမည်လေးနဲ့ အိမ်တံခါး pass code ကို ပို့ပေးပါတယ်။ ရောက်တာနဲ့ တစ်ခါတည်း pass code နဲ့ အိမ်တံခါးဖွင့်လို့ ရပါပြီ။

အိမ်သေးသေးလေးထဲမှာ ရေခဲသေတ္တာ၊ မီးဖို၊ အိုး၊ ခွက်၊ ပန်းကန်၊ ဓါး၊ ဇွန်း အကုန်ရှိပြီးသားမို့ လုပ်စားမဲ့ အစားအသောက်တွေပဲ ယူလာရုံပါပဲ။ အပြင်မှာလဲ မီးဖို ပြီးအကင်ကင်စားလို့ရတဲ့ နေရာရှိတာမို့ ကင်စားမဲ့ အသားကင်တွေ ယူလာရင် ပိုပျော်ဖို့ကောင်းပါတယ်။ မီးဖိုပြီး အကင်ကင်စားတာ က ဆောင်းတွင်းဆိုရင် ပိုကောင်းပါတယ်နော်။

ပြီးရင် ဖတ်စရာ စာအုပ်လေးတွေလည်း ထားပေးထားတယ်။ တစ်ကယ်ကို လောကကြီးနဲ့ အဆက်ဖြတ်ပြီးတော့ စိတ်အေးလက်အေး အနားယူလို့ ကောင်းတဲ့ နေရာလေးတစ်ခုပါ။ Houston မြို့မှာနေတဲ့ သူတွေအတွက်ကတော့ တကယ်ကို အပန်းဖြေဖို့ သွားသင့်တဲ့ Oasis လေးတစ်ခုပေါ့ ….

🌸 H-Town Diaries By Si 🌸

Getaway Short Trip From Houston